မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အားထုတ်စရာမလိုဘဲအဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီန့ံကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးန့ံရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လဲွမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
၀င်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
(သူငယ်ချင်းတစ်ယောက်က ပို့လာတဲ့ email လေးကိုပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်... မူရင်းစာရေးသူဘယ်သူလဲမသိပါ။ ခွင့်မတောင်းပဲကူးယူခြင်းကိုခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်။)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment